Friday, September 30, 2011

တီ-၉၀ ပင်မတိုက်ပွဲဝင်တင့်ကား အကြောင်း

၁၉၉၁ ခုနှစ် ပင်လယ်ကွေ့စစ်ပွဲတွင် အမေရိကန်တို့သည် အီရတ်နိုင်ငံကို အလျင်အမြန်ဆုံး နည်းလမ်းဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲမစတင်မီတွင် Tomahawk ဒုံးကျည်များဖြင့် တရစပ် ပစ်ခတ်ပြီး အမေရိကန် ပင်မတိုက်ပွဲဝင် တင့်ကားဖြစ်သော M1A1 Abrams နှင့် စစ်သည်တင် တိုက်ခိုက်ရေးယာဉ် Bradley အုပ်စုလိုက် ဝင်မွှေသွားသောအခါ အီရတ်နိုင်ငံပိုင် ရုရှားလုပ် T-72 နှင့် T-80 တင့်ကား အုပ်စုများသည် အလဲလဲအကွဲကွဲနှင့် ပြိုကွဲခဲ့ရသည်။ တစ်ချိန်က တင့်ကား နည်းပညာတွင် အင်အားအကြီးဆုံးဟု မိမိကိုယ်ကို အထင် ရောက်စေသော T-72 နှင့် T-80 တို့၏ ရှုံးပွဲကို မြင်တွေ့ရသော ရုရှားတို့သည် ၎င်းတို့အတွက် အားသာချက် ပြန်လည် ဆုပ်ကိုင်ပေးမည့် တိုက်ပွဲဝင် တင့်ကားတစ်စီး ဖော်ထုတ်ရန် ကြိုးပမ်းခဲ့ရတော့သည်။
အမ်-၁ အာဗြဟမ် ပင်မတိုက်ပွဲဝင်တင့်ကား

တီ-၇၂ ပင်မတိုက်ပွဲဝင်တင့်ကား

ပင်လယ်ကွေ့စစ်ပွဲများအတွင်းက အီရတ် တီ-၇၂တင့်ကား


တတိယမျိုးဆက်

T-90 သည် T-72 ကို အဓိက မွမ်းမံထားခြင်းဖြစ်ပြီး စတင် ထွက်ပေါ်ခဲ့စဉ်က T-72 BU ဟု အမည်တွင်ခဲ့သည်။ T-90 ဖြစ်ပေါ်လာပုံမှာ T-72 နှင့် T-80 တို့ကို ရုရှားတို့က တစ်ပြိုင်နက်တည်း ထုတ်လုပ်ခဲ့စဉ်က စတင်သည်။ ၁၉၉၂ ခုနှစ်တွင် ရုရှားကာကွယ်ရေး ဝန်ကြီးဌာနသည် ပင်မတိုက်ပွဲဝင် တင့်ကားနှစ်မျိုးကို တစ်ပြိုင်နက်တည်း ထုတ်လုပ်နိုင်ခြင်း မရှိတော့ကြောင်း ထုတ်ပြန်ခဲ့ပြီး ယိမ်းယိုင်လာသော တိုင်းပြည် စီးပွားရေးစနစ်နှင့် ကိုက်ညီမည့် တင့်ကားထုတ်လုပ်ရေး အစီအစဉ်သစ်ကို စတင်ခဲ့သည်။

တီ-၈၀ ပင်မတိုက်ပွဲဝင်တင့်ကား


တီ-၈၀ ယူဒီ ပင်မတိုက်ပွဲဝင်တင့်ကား

အရည်အသွေးမြင့်သော T-80U နှင့် နည်းနည်းနှင့် ကျဲကျဲဝိုင်းဗျူဟာဖြင့် ထုတ်သော အဖိုးနည်းအိုးကွဲ T-72B တို့ကို မူလထုတ်လုပ်နေသော ပမာဏမှ လျှော့ချပြီး တင့်ကားသစ် စီမံကိန်းအတွက် ဘတ်ဂျက်ငွေ ထွက်လာစေရန် ရုရှားတို့ စီမံခဲ့ကြသည်။ T-80U ၏ အားသာချက် တစ်ရပ်ဖြစ်သော အဆင့်မြင့်ပစ်ခတ်မှု ထိန်းချုပ်ရေးတစ်ရပ်ကို T-72 တွင် ပေါင်းစပ်ပြီး တတိယမျိုးဆက် ဖောက်ခွဲမှုဒဏ် တုံ့ပြန်သံချပ်ကာ ထပ်မံ ပေါင်းစပ်လိုက်သည့်အခါ T-90 အဖြစ် ထွက်ပေါ်လာခဲ့သည်။ ၁၉၉၅ စက်တင်ဘာလတွင် ဆိုက်ဘေးရီးယားတပ်နယ်၌ T-90 စီးရေ (၁၀၇) ခန့်ကို စတင်တပ်ဆင်ခဲ့ပြီး ၁၉၉၉ ဒါဂတ်စတန် ကျူးကျော်စစ်ပွဲတွင် စတင် တိုက်ပွဲဝင်ခဲ့သည်။

တီ-၉၀ ပင်မတိုက်ပွဲဝင်တင့်ကား



စွမ်းပကား

ပွဲဦးထွက် စစ်မြေပြင် အတွေ့အကြုံဖြစ်သည့် ဒါဂတ်စတန် ကျူးကျော်စစ်ပွဲတွင် T-90 တစ်စီးသည် တင့်ကားဖျက် RPG (၇) လုံး ဆင့်ကာဆင့်ကာ ထိမှန်ခဲ့သော်လည်း စစ်မြေပြင်တာဝန်ကို ဆက်လက် ထမ်းဆောင်နိုင်ခဲ့ကြောင်း မော်စကိုကာကွယ်ရေး သတင်းတို စာစောင်မှ ရေးသားဖော်ပြခဲ့သည်။ အထက်ပါ အတွေ့အကြုံအရ T-90 တင့်ကားသည် ရုရှားတင့်ကားများအနက် ကာကွယ်မှု အပေးစွမ်းနိုင်ဆုံး တင့်ကားဖြစ်သည်ဟု ကောက်ချက် ချခဲ့ကြသည်။ T-90 တင့်ကားတွင် (125mm) ပြောင်းချော 2A46M ပင်မအမြောက်ကို တပ်ဆင်ထားပြီး အရန် လက်နက်များအဖြစ် (12.7mm) လေယာဉ်ပစ် စက်သေနတ်နှင့် (7.62mm) စက်ကြီးတို့ ပါဝင်သည်။ 2A46M အမြောက်သည် Sprut တင့်ကားဖျက် အမြောက်ကို စွမ်းဆောင်ရည် မြှင့်တင်ထားခြင်း ဖြစ်ပြီး T-80 တွင်လည်း ပင်မလက်နက်အဖြစ် သုံးစွဲထားသည်။

သံချပ်ကာ ထွင်းဆူးတောင်ပါ နှစ်ထပ်ကျည် (APFSDS)၊ ယမ်းပြင်းတင့်ကားဖျက်ကျည် (HEAT-FS)၊ ယမ်းပြင်း အစိတ်စိတ်ကွဲကျည် (HE-FRAG) တို့ကို ပစ်ခတ်နိုင်စွမ်း ရှိသည့်အပြင် ပြောင်းချောအမြောက် ဖြစ်သောကြောင့် Refleks တင့်ကားဖျက် ပဲ့ထိန်းဒုံးကျည်များကိုသာ ထည့်သွင်း ပစ်ခတ်နိုင်စွမ်းရှိသည်။ Refleks ဒုံးကျည်များသည် မီတာ (၁၀၀) မှမီတာ (၆၀၀၀) အထိ ပစ်ခတ်နိုင်ပြီး အဝေးဆုံးအကွာအဝေးကို (၁၇.၅) စက္ကန့်အတွင်း ရောက်ရှိနိုင်သည်။ သာမန်သံမဏိပြားဆိုလျှင် (၃၇) လက်မအထိ ဖောက်ထွင်းနိုင်ပြီး ရဟတ်ယာဉ်ကဲ့သို့သော အနိမ့်ပျံလေယာဉ်များကို ဖျက်ချနိုင်စွမ်း ရှိသည်။

တပ်ဆင်ထားသော 12.7 mm လေယာဉ်ပစ် အမြောက်မှာမူ တင့်ကားဦးစီး ကိုယ်တိုင် Remote Control ဖြင့် ပစ်ခတ်နိုင်ပြီး သက်ရောက်မှု အကွာအဝေး (၂) ကီလိုမီတာအထိ ရှိသည်။ ကျည်ကတ်အတွင်းရှိ ကျည်ထောင့် (၃၀၀) ကို တစ်မိနစ်လျှင် ကျည် (၇၅၀) နှုန်းဖြင့် ပစ်ထုတ်နိုင်သည်။ 7.62mm စက်ကြီးမှာမူ ပင်မအမြောက်နှင့် ဦးတည်ချက်အတူ တပ်ဆင်ထားပြီး ကျည်ကတ်အတွင်း ကျည်ထောင့် (၇၀၀၀) အထိ ပါဝင်သည်။ T-90 ၏ အဓိက အားသာချက်မှာ အလိုအလျောက် ကျည်ထိုးစနစ် ပါဝင်ခြင်းပင်ဖြစ်ပြီး ကျည်ထိုးသမားသီးသန့် ထားရှိရန် မလိုတော့သဖြင့် တင့်ကားအဖွဲ့ဝင်ဦးရေကို ဦးစီး၊ အမြောက်သမား၊ မောင်းနှင်သူဟူ၍ (၃) ဦးအထိသာ ထားရှိခွင့် ရသွားစေသည်။

တီ-၉၀ ပင်မတိုက်ပွဲဝင်တင့်ကား

ပါဝါနှင့်ကာဗာ

T-90 တင့်ကားအများစုတွင် V-84MS 618kW မြင်းကောင်ရေ (၈၄၀) အင်ဂျင် တပ်ဆင်ထားပြီး အလုပ်လုပ်ပုံမှာ V-12 (၄) ချက်ထိုးဖြစ်သည်။ အချို့ မော်ဒယ်များတွင် မြင်းကောင်ရေ (၁၀၀၀) နှင့် မြင်းကောင်ရေ (၁၂၅၀) အသီးသီးရှိသော ပါဝါမြင့် အင်ဂျင်များ တပ်ဆင်ထားကြသည်။ မြင်းကောင်ရေ (၁၀၀၀) အင်ဂျင် တပ်ဆင်ထားသော T-90S သည် လမ်းချောပေါ်တွင် တစ်နာရီ မိုင် (၆၀) နှုန်းအထိနှင့် လမ်းကြောင်းပေါ်တွင် တစ်နာရီ (၄၅) မိုင်နှုန်းအထိ မောင်းနှင်နိုင်စွမ်း ရှိသည်။ အပူချိန် မြင့်မားသော ဒေသများတွင် တာဝန် ထမ်းဆောင်နိုင်ရန်အတွက် တင့်ကားအတွင်း လေအေးပေးစနစ်လည်း ပါရှိသည်။ T-90 အများစုတွင် အလွှာ (၃) ထပ်ပါသော သံချပ်ကာစနစ် ထည့်သွင်းထားသည်။ ပထမအလွှာမှာ အမြောက်ဆုံလည်တွင် ပါရှိသည့် ပေါင်းစပ်သံချပ်ကာ ဖြစ်ပြီး ပုံမှန်သံချပ်ကာ အခွံနှင့် အလူမီနီယံ - ပလတ်စတစ် အလွှာများကို အထပ်ထပ် ပေါင်းစပ်ထားသည်။

ကျည်ထိမှန်၍ ပုံပျက်ပန်းပျက် ဖြစ်ခြင်းကို ထိန်းချုပ်နိုင်စွမ်း ရှိသည်ဟု သိရသည်။ ဒုတိယအလွှာမှာ တတိယမျိုးဆက် Kontakt-5 ERA အလွှာဖြစ်ပြီး APFSDS ဒုံးကျည် ဖောက်ဝင်ခြင်းမှ ကာကွယ်ပေးနိုင်သည်။ ERA ဘလောက်တုံးများကို အမြောက်ဆုံလည် အမိုးတွင်လည်း တပ်ဆင်ထားပြီး အပေါ်တည့်တည့်မှ တိုက်ခိုက်လာမှုများကို ကာကွယ်ပေးထားသည်။ အမြောက်ဆုံလည်၏ အရှေ့ဘက်ခြမ်းမှာ ရန်သူ၏ ပစ်ခတ်မှုဒဏ်ကို ခံရနိုင်ချေ အရှိဆုံးဖြစ်၍ ERA နှင့် ပေါင်းစပ်သံချပ်ကာ အလွှားများကို တွဲဖက်အသုံးပြုထားသည်။ ပေါင်းစပ်သံချပ်ကာသည် သံမဏိမဟုတ်သော ပစ္စည်းများကို အခြေခံထားသဖြင့် သံမဏိချည်း သက်သက်ကို သံချပ်ကာလုပ်ခြင်းထက် အလေးချိန် ပိုမိုပေါ့ပါးပြီး ကျည်ဖောက်ဝင်မှုဒဏ်ကို ခံနိုင်ရည်ပိုရှိသည်။ တတိယအလွှာမှာ Shtora-1 ဟု အမည်ရသော အဆင့်မြင့် တုံ့ပြန်မှုအလွှာ ဖြစ်သည်။

တင့်ကား၏ မျက်လုံးနီများ

မျက်လုံးကန့်လန့်ကာ

Shtora-1 အလွှာသည် အလွန်အဆင့်မြင့်သော အီလက်ထရွန်နစ် အာရုံခံအလွှာဖြစ်ပြီး ရုရှားဘာသာအရ ကန့်လန့်ကာဟု အဓိပ္ပာယ်ရသည်။ အမြောက်ဆုံလည်၏ အရှေ့ခြမ်းတွင် လျှပ်စစ်၊ အလင်း၊ အနီအောက် အာရုံခံနှစ်ခုပါပြီး ရုတ်တရက်ကြည့်လျှင် အမြောက်ဆုံလည်၌ မျက်လုံးနီနှစ်ခု ပါဝင်သည့်အလား တွေ့မြင်ရသည်။ ထို့ပြင် လေဆာအချက်ပေး အာရုံခံ (၄) ခု၊ 3D6 စနစ်နှစ်ခုနှင့် ကွန်ပျူတာနှင့် လည်ပတ်သော ထိန်းချုပ်စနစ်တို့ကို တတိယအလွှာ သံချပ်ကာအဖြစ် ဖွဲ့စည်းထားသည်။ တင့်ကားဖျက်ဒုံးကျည် အများစုသည် လေဆာနှင့် ထောက်၍ ပစ်မှတ်ညွှန်ရသောကြောင့် တင့်ကားပေါ်သို့ လေဆာရောင်ခြည် ကျရောက်လာပါက Shtora-1 စနစ်က အလိုအလျောက် သိရှိပြီး ရန်သူဘက်သို့ အမြောက်ပြောင်းလှည့်လာစေရန် တင့်ကားအဖွဲ့ဝင်များကို ကူညီပေးသည်။ အနီအောက်ရောင်ခြည်လှိုင်း ဖြတ်စက်က တင့်ကားဖျက်ဒုံးကျည် အချို့၏ အနီအောက်ရောင်ခြည် အာရုံခံကိရိယာကို အဝေးကပင် ဖျက်ဆီးပစ်လိုက် နိုင်သည်။ ရန်သူ၏ လေဆာထောက်ချက် ဝေဝါးသွားစေရန် မီးခိုးဗုံးများလည်း ပစ်ထုတ်နိုင်စွမ်းရှိအောင် T90 ၏ သံချပ်ကာ တတိယအလွှာကို ဖန်တီးပေးထားသည်။

သုံးစွဲသည့်နိုင်ငံများ

T-90 သည် ရုရှားနိုင်ငံ၏ ပင်မတိုက်ပွဲဝင် တင့်ကားဖြစ်ပြီး အစီးရေ (၄၀၀) ခန့်ရှိသည်။ ရုရှားနိုင်ငံမှ လက်နက်များကို ဝယ်ယူလေ့ရှိသော အိန္ဒိယနိုင်ငံတွင် T-90 စီးရေ (၆၂၀) ခန့်ရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် ပြည်တွင်းထုတ် T-90 အစီးရေ (၁၀၀၀) ထိ ထုတ်လုပ်မည်ဟု ရည်မှန်းထားသည်။ အယ်ဂျီးရီးယားနိုင်ငံတွင် T-90SA (၁၈၀) စီးရှိပြီး ဆော်ဒီအာရေဗျက T-90S (၁၅၀) စီး၊ တာ့ခ်မင်နစ္စတန်က T-90 (၁၀) စီး၊ လစ်ဗျားနိုင်ငံက T-90 (၁၈၀) စီး မှာယူထားကြသည်။ လစ်ဗျားနိုင်ငံ၏ တင့်ကားမှာယူမှုသည် ကုလသမဂ္ဂ လက်နက်တင်ပို့မှု တားဆီးမိန့်ကြောင့် ပျက်ပြယ်သွားခဲ့ရသည်။

သုံးသပ်ချက်

အီရတ်ခေါင်းဆောင် ဆက်ဒမ်ဟူစိန်၏ တင့်ကားများမှာ ဝိတ်လျှော့ထားသော T-72 များသာ ဖြစ်ကြသည်။ ထို့ပြင် အီရတ်သံချပ်ကာ တပ်မတွင် T-55 ၊ T-62 အစရှိသော တရုတ်မူပွား တင့်ကားများလည်း ရှိသည်။ ထို့ကြောင့် ပထမပင်လယ်ကွေ့ စစ်ပွဲတွင် အမေရိကန်တို့၏ M1 A1 Abrams တင့်ကားများက အောင်ပွဲဆင်နိုင်ခြင်းမှာ မထူးဆန်းလှသော အချက်ဖြစ်သည်။ T-90 မှာမူ သံချပ်ကာအသစ်၊ ကာကွယ်မှု စနစ်အသစ်၊ အလိုအလျောက် ကျည်ထိုးစနစ် အသစ်တို့နှင့် ထွက်ပေါ်လာခဲ့ပြီး ၁၉၉၀ ပြည့်လွန်နှစ်များက အကောင်းဆုံး နည်းပညာများကို အသုံးချထားသည်။ M1 Abrams မှာမူ ၁၉၇၀ ပြည့်လွန်နှစ်များက နည်းပညာဖြစ်သဖြင့် လက်ရှိ ခေတ်ပေါ်လက်နက်များ၊ ကာကွယ်ရေးစနစ်များနှင့် ပေါင်းစပ်ရာတွင် အဆင်မပြေလှဘဲ အမြင်မတော် ဆင်တော်နှင့်ခလောက် ဖြစ်နေသည်။ M1 Abrams နှင့် T-90 တို့ ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့ကြသောအခါ မည်သို့ဖြစ်လာမည်ကို စိတ်ဝင်စားဖွယ်ရာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အချို့နိုင်ငံများကမူ T-90 တင့်ကားများကို ဝယ်ယူနိုင်ရေးကို ဦးစားပေးနေကြပြီ ဖြစ်သည်။

No comments:

Post a Comment