Saturday, November 30, 2013

ကလက်စတာဗုံး (သို့) ဗုံးပဒေသာများ၏ မူလဇာစ်မြစ်

(ကမ္ဘာ့ပေါ်ရှိ လေတပ်အတော်များများတွင် ပုံစံအမျိုးမျိုး၊ အခေါ်အဝေါ် အမျိုးမျိုးဖြင့် ပိုင်ဆိုင်ထားကြသည့် ဗုံးပဒေသာများ၏ မူလအစသမိုင်းကြောင်းအား မိမိလေ့လာထားသည့် အချက်လက်များဖြင့် ကျွှန်တော်တို့ ဘလော့ဒ်တွင် ပြန်လည်ဖော်ပြခွင့်ပေးသည့်အတွက် စာရေးသူအား ကျေးဇူးအထူးတင်ရှိကြောင်း အားလုံးကိုယ်စား ပြောပါရစေခင်ဗျာ...။)

ဗုံးပဒေသာ သို့မဟုတ် ကလက်စတာဗုံး တွေကို ဒုတိယကမ္ဘာစစ်က စတင်အသုံးပြုခဲ့ကြပါတယ်။ ခေတ်အမှီဆုံးနဲ့ ပထမဆုံး အသုံးပြုခဲ့တာကတော့ ဂျာမနီဖြစ်ပြီး သူ့ရဲ့ SD-2 လို့ခေါ်တဲ့ လိပ်ပြာပုံစံ တောင်ပံ၂ခုဆီပါတဲ့ ဗုံးအငယ်စားလေးတွေ မြောက်များစွာပါတဲ့ ကလက်စတာဗုံးဟာ နာမည်ကြီးပါတယ်။ အခြား ဆိုဗီယက်နဲ့ အမေရိကန် ဗြိတိန်တို့မှာလဲ ကိုယ်ပိုင်ပုံစံတွေနဲ့ တီထွှင်ခဲ့ကြပြီး အမေရိကန်တို့ကတော့ M41 ဆိုတဲ့ ပေါင်၂၀ လူသတ်ဗုံးတွဲကို တီထွှင်ခဲ့ကြပါတယ်။
ဂျာမနီ လေတပ်သုံး SD-2 ဗုံး
 အမေရိကန်လေတပ်သုံး M-41 ဗုံးတွဲ
 ထူးခြားဆန်းပြားလှတဲ့ စနစ်တွေ မပါရှိပဲ၊ သာမာန်ဗုံးအငယ်စားလေးတွေကို ဗုံးတွဲကျောရိုးစနစ်တစ်ခုနဲ့ ချိတ်ဆက်ထားတဲ့ ၆လုံးတွဲ ဒါမှမဟုတ် ၂၅လုံးတွဲ သည်ဗုံးတွဲလေးတွေဟာ ကလက်စတာဗုံးလို့ ဆိုပေမယ့် တကယ့် ကလက်စတာဗုံးတွေနဲ့ ပုံစံ နည်းစနစ်ရော ထိရောက်မှုမှာပါ ကွာခြားလွန်းပါတယ်။ ကလက်စတာဗုံးလို့ ဆိုလိုက်ရင် လေယာဉ်ကဖြစ်ဖြစ်၊ မြေပြင်ပစ် ဒုံးလက်နှက် ဒါမှမဟုတ် အမြောက်ကျည်ကနေ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းလေးတွေ ထပ်ဆင့် ပြန့်ကွဲလာပြီး လေပေါ်မှာဖြစ်စေ၊ မြေပြင်နဲ့ထိတွေ့တဲ့အခါဖြစ်စေ၊ အချိန်စနစ်နဲ့ဖြစ်စေ၊ ပေါက်ကွဲစေတာပါ။ လေယာဉ်ပြေးလမ်းတွေ၊ ရထားလမ်းတွေ၊ လျပ်စစ်ဓါတ်အားပေးလိုင်းတွေကို ဖျက်ဆီးဖို့ကနေ ဧရိယာကျယ်ကျယ်မှာ နေရာယူထားတဲ့ အကာကွယ်မဲ့ လူသားပစ်မှတ်တွေကို တိုက်ခိုက်ဖို့၊ မိုင်းခင်းဖို့၊ ဓါတု ဇီဝလက်နှက်တွေ ကျဲချဖို့နဲ့ နောက်ပိုင်း နည်းစနစ်တွေ ဖွံ့ဖြိုးလာတဲ့အခါ တင့်ကားတွေ၊ သံချပ်ကာတွေ အမြောက်စခန်းတွေကိုပါ ချေမှုန်းနိုင်ဖို့ ပြင်ဆင်ပေးလာနိုင်တာကြောင့် ၁၉၇၀နောက်ပိုင်းမှာ ဝေဟင်ကဗုံးကျဲဖို့ဆိုရင် ကလက်စတာဆိုတဲ့ ဗုံးအမျိုးအစားဟာ ပထမဦးစားပေး ဖြစ်လာခဲ့ပါတယ်။

နေပြည်တော် စစ်သမိုင်းပြတိုက်အတွင်းတွေ့ရသည့် ဗုံးတွဲ
 သို့သော်လည်း ဒီကလက်စာဗုံးတွဲတွေရဲ့ ကြောက်မက်ဖွယ်ရာ ကောင်းမှုကြောင့် ဝေဟင်ကကျတဲ့ ငရဲလို့ တင်စားခေါ်ဝေါ်ပြီး၊ ဒီဗုံးအမျိုးအစားတွေ ဆန့်ကျင်ရေး လှုပ်ရှားရာမှာ နိုင်ငံပေါင်း ၁၀၈နိုင်ငံက သဘောတူ လက်မှတ်ရေးထိုးခဲ့ပေမယ့် အဓိကအင်အားကြီးနိုင်ငံတွေ ဖြစ်တဲ့ အမေရိကန်၊ ရုရှား၊ တရုတ်၊ အင်္ဂလန်၊ ပြင်သစ် စတဲ့ နိုင်ငံတွေက ပါဝင်လက်မှတ်ရေးထိုး မထားကြပါဘူး။ ဒါ့အပြင် သဘောတူ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေထဲမှာပင်လျင် ရပ်တန့်ဖို့ မဆိုထားနဲ့ ထုတ်လုပ်မှု ရပ်ဆိုင်းသွားတဲ့ နိုင်ငံရယ်လို့ ပြစရာမရှိလောက်အောင် သုံးစွဲသူအကြိုက် လက်နှက်အမျိုးအစားဖြစ်ပါတယ်။ သို့သော်လည်း ချိန်ကိုက်စနစ်ပါ ဗုံးတွဲတွေနဲ့ ရွက်ကြွေအဆိပ်အပါအဝင် ဓါတု၊ ဇီဝ လက်နှက်များ အသုံးပြုတိုက်ခိုက်ခြင်းကိုတော့ ပြင်းပြင်းထန်ထန် သတိပေးတားမြစ်ထားပါတယ်။

M41 ဗုံးတွဲ နာမူနာပုံ
M41 (သို့) M1 ပေါင်၂၀ ဗုံးတွဲစနစ် အမေရိကန်ရဲ့ ဒုတိယကမ္ဘာစစ်တုန်းက သုံးတဲ့ စနစ်ဖြစ်ပြီး၊ ရထားလမ်းတွေကို ဖျက်ဆီးဖို့နဲ့ လူသတ်ဗုံးတွေအဖြစ် သုံးပါတယ်။ ရထားလမ်းတွေကို ဖျက်တဲ့ စနစ်မှာတော့ ဗုံးဟာ မြေကြီးထဲကို ဝင်သွားပြီးမှ ပေါက်ကွဲအောင် ဆောင်ရွက်ထားပါတယ်။ သာမာန် ပေါင်၂၀ လူသတ်ဗုံးကတော့ လေထဲမှာ ဒါမှမဟုတ် မြေပြင်ပေါ်မှာ ပေါက်ကွဲအောင် ဆောင်ရွက်ထားတာဖြစ်ပါတယ်။ ဗုံးတွဲကို ပုံမှန်အားဖြင့် သုံလုံးတစ်တွဲ တွဲလေ့ရှိပါတယ်။ ဗုံးသုံးလုံးကို ပင်မဝင်ရိုးတစ်ခုနဲ့ ထိန်းထားပါတယ်။ ဗုံးတပ်ဆင်ပုံကတော့ pylon တစ်ခုကို ချိတ်ဆွဲဖို့ ဗုံးတွဲနှစ်ခုချိတ်ဆွဲလို့ရတယ်။ ဗုံးကျဲလေယာဉ်များမှာ ၂၅လုံးတွဲများ ချိတ်ဆွဲနိုင်ပါတယ်။ ဗုံးတွဲနှစ်ခုကို
pylonနဲ့တွဲဖို့ သူ့ကိုတပ်ဆင်ဖို့ သီးသန့်ထပ်ပိုးpylon ဒါမှမဟုတ် ထိုpylonမရှိလျှင် သံချောင်းတစ်ခုတွင်ရှေနောက်တွဲချည်ရပါတယ်။ cluster release tension ကြိုးကို ဗုံးဖြုတ်ချသည့်အခါ ဗုံး၏ပင်မမဏ္ဍိုင်ကနေ bomb များတစ်လုံးစီခွဲထွက်စေဖို့နဲ့ အသက်ဝင်ပြီးသားဖြစ်စေဖို့  ကြိုးကိုတွဲစပ်ချိတ်ဆွဲထားတာပါ။ ဗုံးရဲ့ စနက်တံဟာ ဒလက်တွေဖြစ်ပြီး လေထဲကနေ ချလိုက်တဲ့အခါ လေအားနဲ့ ဒလက်ကလည်ပြီး စနက်တံကိုပေါက်စေပြီး လေထဲမှာကွဲစေတာဖြစ်ပါတယ်။
ဗုံးကွဲ ဖြုတ်ချတာနဲ့ ဗုံးအတွဲဟာ အတွဲလိုက်ပြုတ်ကျပြီး ကြိုးရဲ့အဆုံးရောက်သောလို့ မဏ္ဍိုင်ကို ဆွဲဖြုတ်တဲ့အခါ တစ်လုံးစီကွဲပြီး ပြန့်ကြဲသွားပါတယ်။ ဗုံးဒလက်က အပတ်ရေပြည့်တဲ့အခါ ဗုံးက လေထဲမှာတင်ကွဲပါတယ်။ ဒီဗုံးကို မြေစိုက်ဗုံးကျဲ ဒါမှမဟုတ် အနိမ့်ပျံဗုံးကျဲလို့ပဲရပါတယ်။ လေသူရဲဟာ ဒီဗုံးကို ပေ၄၅၀၀မှ၂၅၀၀ကြားအတွင်းဖြုတ်ချရပါတယ်။ ပန်ကာတပ် လေယာဉ်ငယ်တွေနဲ့ တိုက်လေယာဉ်ငယ်တွေမှာ အများဆုံးအသုံးပြုသော်လည်း ခေတ်မမှီတော့တဲ့ စနစ်တစ်ခုဖြစ်လို့ ယခုခေတ်မှာတော့ အသုံးနဲပါတယ်။ ကလက်စတာဗုံးတို့ရဲ့ ရှေးဦးစနစ်တစ်ခုဖြစ်ပြီး ကလက်စတာဗုံးတွေနဲ့ အလွန်အမင်းကွာခြားတာကြောင့် ကလက်စတာလို့ ခေါ်တွင်သင့်သလား မတွင်သင့်သလား၊ ကလက်စတာ စာရင်းဝင်သလား မဝင်သလား သေချာမသိတဲ့ စနစ်တစ်ခုလဲဖြစ်ပါတယ်။ ကျန်းမာချမ်းသာကြပါစေခင်ဗျာ..။

1 comment:

  1. ဗဟုသုတရလို့ ကျေးဇူးပါကိုMM

    ReplyDelete