Saturday, September 20, 2014

Type 039 ရေငုပ်သင်္ဘောများ




တရုတ်ရေငုပ်သင်္ဘော တစ်စင်းဟာ အမေရိကန် လေယာဉ်တင် သင်္ဘောရဲ့ တော်ပီတို တစ်ကမ်းစာမှာ ရေပေါ်တက်ပြဖူးတယ်ဆိုတဲ့ သတင်းကို ကြားဖူးသူများရှိပါလိမ့်မယ်။ ဖျက်သင်္ဘောတွေ၊ ကင်းထောက်လေယာဉ်တွေ ခေတ်မီ ထောက်လှမ်းရေး ကိရိယာ အပြည့်နဲ့ ချီတက်သွားလာလေ့ရှိတဲ့ အမေရိကန်ရဲ့ အင်အားပြည့် လေယာဉ်တင်သင်္ဘောကြီးနားကို တရုတ်လုပ် ရေငုပ်သင်္ဘောဟာ ဘယ်နည်းနဲ့မှ ကပ်လာနိုင်စရာ မရှိဘူးလို့ ထင်ခဲ့ကြတာပါ။ ဒါပေမယ့် ၂၀၀၆ခုနှစ် အောက်တိုဘာ ၂၆ရက်နေ့ အရှေ့တရုတ်ပင်လယ်ပြင်မှာ ပူးပေါင်းစစ်ဆင်ရေး လုပ်နေကြတဲ့ ဒါဇင်နဲ့ ချီတဲ့ နိုင်ငံစုံ ရေတပ်သင်္ဘောတွေရဲ့ အလယ်လို့ ပြောလို့ရတဲ့ ဂျပန်အခြေစိုက် အမေရိကန် လေယာဉ်တင်သင်္ဘော Kitty Hawk ရဲ့ အနား ရေမိုင်၅မိုင်လောက်မှာ တရုတ်ရဲ့ ရေငုပ်သင်္ဘောဟာ ရေပေါ်တက်ပြခဲ့ပါတယ်။ ပထမကတော့ ဒါဟာ ရုရှားလုပ် Kilo အတန်းအစား ရေငုပ်သင်္ဘောဖြစ်နိုင်တယ်လို့ ဆိုကြပေမယ့် တကယ်တော့ ဒါဟာ တရုတ်လုပ် Song class ရေငုပ်သင်္ဘောတစ်စင်းဖြစ်ပြီး အခြား သင်္ဘောမပါပဲ တစ်စင်းထဲလို့ ဆိုကြပါတယ်။

Song အတန်းအစား ရေငုပ်သင်္ဘောတွေဟာ ပုံစံ၀၃၅ ရိုမီရိုတွေပြီးရင် တရုတ်ကိုယ်ပိုင်ထုတ် ပုံစံဖြစ်ပြီး ပုံစံ၀၃၉ လို့ ခေါ်တဲ့ တစ်စင်းတည်းသာ မူလ ပုံစံအတိုင်း တည်ဆောက်ခဲ့ကြပါတယ်။ ၁၉၈၀ နောက်ပိုင်း ပထမ တစ်စင်း တည်ဆောက်ပြီးစီးချိန်မှာ ရေအနက်၊ လက်နှက်တင်ဆောင်နိုင်မှု၊ ထောက်လှမ်းရေး ကိရိယာပိုင်းတွေမှာ အားရစရာ ဖြစ်ခဲ့ပေမယ့် ရေအောက် လှုပ်ရှားမှု ပုံစံဟာ အရင် ရေငုပ်သင်္ဘော ပုံစံအဟောင်းတွေလို ဖြစ်နေလို့ အသံဆူညံပြီး ရေအောက် လှုပ်ရှားရာမှာ နှေးကွေးတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် သင်္ဘောရဲ့ ပုံစံကို အနည်းငယ်ပြင်ဆင်ပြီး သင်္ဘောကိုယ်ထည်ကို ရာဘာပြားတွေ ထည့်သွင်းကာ အသုံလုံစေတဲ့ စနစ်တွေ ထည့်သွင်းကာ ထပ်မံစမ်းသပ်ခဲ့ပါတယ်။ သင်္ဘောအမှတ် ၃၂၀ဟာ မူရင်းပုံစံဖြစ်ပြီး သင်္ဘောရဲ့ Tower မှာ ရှေးရိုးစွဲပုံစံ ၂ဆင့်ဒီဇိုင်းပြုလုပ်ထားပါတယ်။ ၁၉၉၁မှာတစ်ကြိမ် ၁၉၉၄မှာ တစ်ကြိမ် စမ်းသပ် ရေချခဲ့ပြီး နောက်မှာတော့ သင်္ဘောပုံစံကို ပြန်လည်ပြင်ဆင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ 
ပုံစံဟောင်း(အပေါ်) ပုံစံသစ် (အောက်)

Wuhan နဲ့ Jiangnan သင်္ဘောကျင်း၂ခုကို ဒီဇိုင်းဆွဲစေခဲ့ရာမှာ Wuhan သင်္ဘောကျင်းက ဒီဇိုင်းပုံစံ Agosta-90B ရဲ့ သင်္ဘော ကိုယ်ထည်နဲ့ မူလ ၃၂၀ ရဲ့ ရေယက်ပုံစံကို တွဲဖက်စေပြီး ဒလက်၇ခုပါ ပန်ကာအသစ်ကိုပါ အသုံးပြုခဲ့ပါတယ်။ Type039G လို့ ခေါ်ဆိုခဲ့ပြီး စမ်းသပ်ခဲ့ရာမှာ အသံလုံတဲ့ ရေငုပ်သင်္ဘော အမျိုးအစားအသစ် တစ်ခုအဖြစ် ရရှိခဲ့ပါတယ်။ မူလက တော်ပီတိုနဲ့ မိုင်းစစ်ဆင်ရေးကိုသာ စဉ်းစားခဲ့တာ ဖြစ်ပြီး ပုံစံ၀၃၉ဂျီတွေ (၃၂၁၊ ၃၂၂၊၃၁၄) ရေချတဲ့ ၁၉၉၉ နှစ်မှာတော့ ဒုံးပျံ ပစ်လွှတ်လို့ရတဲ့ နည်းပညာတွေ ကို ထပ်မံထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ၃၂၃ နဲ့ ၃၁၄ဟာ ဒုံးပျံ ပစ်ခတ်နိုင်ပြီး အသံလုံတဲ့ အင်ဂျင်အသစ်ကို ထည့်သွင်းလို့ ၂၀၀၄နဲ့ ၂၀၀၅ ခုနှစ်မှာ ရေချခဲ့ကြပါတယ်။ ဒါပေမယ့် အရင် သင်္ဘော ၃စင်းရဲ့ တော်ပီတိုပြွန်တွေနဲ့ ရေဒါစနစ်တွေကို ဒုံးပျံပစ်လို့ရမယ့် စနစ်တွေအဖြစ် အဆင့်မြင့်တင် ထားသလား မထားခဲ့ဘူးလားဆိုတာ မသေချာပါဘူး။ သို့သော်လည်း ၂၀၀၅ခုနှစ်မှာတော့ ပထမဆုံး ၃၂၀ ကလွဲလို့ Song အတန်းအစား အားလုံးကို အသံလုံ အင်ဂျင်စနစ်သစ်၊ အီလက်ထောနစ် စနစ်သစ်တွေနဲ့ ဒုံးပျံပစ်ခတ်နိုင်တဲ့ တော်ပီတိုပြွန်တွေ တပ်ဆင် အဆင့်မြင့်ခဲ့ တယ်လို့ဆိုပါတယ်။ ဒါ့အပြင် အောက်ဆီဂျင် ပြန်လည်ဖြည့်တင်းစရာ မလိုတဲ့ စနစ် AIP စနစ်ကို စမ်းသပ်တပ်ဆင် အောင်မြင်ခဲ့တယ်လို့လဲ ဆိုပါတယ်။


မူလ ၁၉၉၀ ပြည့်လွန် နှစ်များဆီက တရုတ်ဟာ ဆိုဗီယက်နည်းပညာသုံး မင်အတန်အစား ရိုမီရို သင်္ဘောတွေကိုသာ ထုတ်လုပ်နိုင်ခဲ့တာဖြစ်ပြီး သည်သင်္ဘောတွေကို အဆင့်မြင့် နည်းပညာသုံး ရေဒါတွေ ဆိုတာ စနစ်တွေ တပ်ဆင်ရာမှာ အောင်မြင်ခဲ့ပါတယ်။ အဆင့်မြင့် တော်ပီတိုတွေနဲ့ ဒုံးပျံတွေ ပစ်ခတ်နိုင်ဖို့ပါ အောင်မြင်ခဲ့တာ ဖြစ်ပြီး AIP စနစ်ကို တပ်ဆင်ရာမှာတော့ အခက်အခဲအများကြီးရှိခဲ့တယ်လို့ ဆိုပါတယ်။ ပုံစံဟောင်း ရိုမီရိုတွေကို အဆင့်မြင့်တာနဲ့ ပုံစံသစ် song တွေ တည်ဆောက်တဲ့ အစီအစဉ်၂ခုဟာ အားပြိုင်လွန်ဆွဲခဲ့တာဖြစ်ပြီး ပထမ ၃၂၀မှာ ဒုံးပျံ စမ်းသပ်ပစ်လွှတ်တာ မအောင်မမြင်ဖြစ်ခဲ့တာရယ်၊ အသံဆူညံမှုမှာ အဆင့်မြင့် ရိုမီယိုတွေနဲ့ သိပ်မခြားနားတာရယ်ကြောင့် ၅နှစ်လောက် နောက်ကျခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ဒုံးပျံပစ်ခတ်ရာမှာ အောင်မြင်သွားတဲ့ ရိုမီရိုတွေကို ၁၉၉၀ပြည့်လွန်တွေမှာ ဒုံးပျံများနဲ့ အဆင့်မြင့် အီလက်ထောနစ် စနစ်များ တပ်ဆင်ရေးနဲ့ AIP စနစ်တပ်ဆင်ရာမှာ နောက်ဆုံးအဆင့် AIP စနစ်နဲ့ အဆင့်မြင့် ကွန်ပြူတာစနစ်များ တပ်ဆင်ရာမှာ လုံးဝ မအောင်မမြင်ဖြစ်ခဲ့ရပြီး ရေငုပ်သင်္ဘော အသစ်ကို စိတ်ဝင်တစား အသက်ပြန်သွင်းခဲ့ကြတာဖြစ်ပါတယ်။

၂၀၀၄ခုနှစ်မှာတော့ ပုံစံ၀၃၉ဂျီ အမျိုးအစား ၄စင်း ပုံစံဟောင်း ၁စင်း အပါအဝင် ၅စင်း ရှိနေခဲ့ပြီး တရုတ်ဟာ သိပ်ကို အသံတိတ်ဆိတ်လွန်းတဲ့ သူပိုင် ရေငုပ်သင်္ဘောတွေ တည်ဆောက်နိုင်ခဲ့ပြီလို့ ကြေငြာပါတော့တယ်။ သင်္ဘောအမှတ် ၃၂၅ မှာ AIP စနစ်ကို ထည့်သွင်းစမ်းသပ်ပြီး ကွန်ပြူတာ စနစ်သုံး အဆင့်မြင့် စနစ်တွေကို ထည့်သွင်းဖို့ ကြိုးစားခဲ့ပါတယ်။ အခက်အခဲ များစွာ ရှိတာကြောင့် သင်္ဘော ပုံစံကို အသစ်တည်ဆောက်ဖို့ နဲ့ အဟောင်းကိုပင် အဆင့်မြင့်ဖို့ လွန်ဆွဲခဲ့ကြရပြန်ပါတယ်။ ဝယ်ယူအသုံးပြုနေရတဲ့ ကီလိုအမျိုးအစား သင်္ဘော အသစ်တွေမှာ ပါဝင်တဲ့ ကွန်ပြူတာစနစ်တွေကို အသုံးပြုဖို့နဲ့ အင်ဂျင် အသစ်၊ AIP စနစ်ကို ထည့်သွင်းဖို့ ဆိုရင် သင်္ဘော ကိုယ်ထည်ကို ပုံစံအသစ်တည်ဆောက်ရမှာ ဖြစ်ပြီး ကီလိုအတန်းအစားပုံစံ အသစ် ၀၃၉အေ ဒါမှမဟုတ် ၀၄၁ လို့ ခေါ်ဆိုပါတယ်။ ပုံစံဟောင်း သမားတွေကတော့ ၀၃၉ဂျီ၁ ကို တင်ပြခဲ့ပြီး ဧရာခင်းပြီးသား သင်္ဘောတွေကို လက်ညိုးထိုးပြခဲ့ပါတယ်။ 


သင်္ဘော အဟောင်းသမားတွေက အသာရခဲ့ပြီး ဆောက်လုပ်ဖို့ ပြင်ဆင်ပြီးသား သင်္ဘောတွေကို အပြီးထိ ဆောက်လုပ်ဖို့ သင်္ဘောတူခဲ့ပါတယ်။ အင်ဂျင်အသစ်၊ သင်္ဘောကိုယ်ထည် အတွင်းပိုင်း အပြင်အဆင် အနည်းငယ် ပြုပြင်ပြီး ၀၃၉ဂျီ၁ တွေကို ထုတ်လုပ်ခဲ့ပါတယ်။ AIP စနစ်အတွက် ဘထ္ထရီတွေ ကွန်ပြူတာ စနစ်အတွက် နေရာ ပေးလိုက်ရလို့ AIP စနစ်သုံးလို့ ခေါ်ဆိုလို့ရပေမယ့် ပြည့်စုံကောင်းမွန်တဲ့ စနစ်မဟုတ်ပဲ မူလ ၀၃၉ တွေလို သင်္ဘောသားတွေအတွက် ကျဉ်းကြပ်နေဆဲပါ။ AIP စနစ်အငယ်စား သို့မဟုတ် တစ်ပိုင်းတစ်စလို့ ပြောရနိုင်ပါတယ်။ ဒါ့ကြောင့် သင်္ဘောအမှတ် ၃၂၅ကလွဲလို့ AIP စနစ်ကို ထည့်သွင်းခြင်း မရှိတော့ပဲ အခြား လက်နှက်ပိုင်းနဲ့ အင်ဂျင်ပိုင်းကိုသာ အဆင့်မြင့်ခဲ့ကြပါတယ်။ သို့သော်လည်း AIP စနစ်လို အသုံးပြုနိုင်တဲ့ လျပ်စစ်ပိုင်းဆိုင်ရာတွေ အဆင့်မြင့် ပြုပြင်ခဲ့တယ်လို့လဲ ဆိုပြန်ပါတယ်။ သင်္ဘောသား ဦးရေကို ၆၀ကနေ ၅၀အထိ လျော့ချနိုင်ခဲ့ပေမယ့် တော်တော်များများဟာ လူနဲ့ ထိမ်းချုပ်ရတဲ့ စနစ်ဟောင်း (ကီလို ၆၆၃ကဲ့သို့) တွေသာ ဖြစ်ပါတယ်။ ၂၀၀၇ခုနှစ်မှာတော့ သင်္ဘောအမှတ် ၃၁၄ကနေစလို့ ၃၁၈အထိဟာ ဂျီ၁ အမျိုးအစားတွေ အဖြစ် မှတ်တမ်းတင်ထားပြီး ၀၃၉၊ ၀၃၉ဂျီ၊ ၀၃၉ဂျီ၁ အမျိုးအစား စုစုပေါင်း ၁၃စင်း တာဝန်ထမ်းဆောင်နေတယ်လို့ ဆိုပါတယ်။ အဲသည်ထဲမှာ စမ်းသပ်ခံ ယာဉ်တွေဖြစ်တဲ့ ၃၂၀နဲ့ ၃၂၅ လို တွေကို ထည့်တွက်သလား မတွက်သလားကတော့ မသိရပါဘူး။ 

ပုံစံ ၀၃၉ အတန်းအစားတွေဟာ  ပျမ်းမျှ တန်ချိန် ၂၂၀၀ကျော်၊ လုံးပတ် ၈မီတာခွဲ၊ ကိုယ်ထည်အကျယ် ၅မီတာခွဲ၊ အရှည် ၇၅မီတာ ရှိပါတယ်။ အဆင့်မြင့် ဒီဇယ်အီလက်ထောနစ် စနစ်သုံးဖြစ်ပြီး AIP စနစ် ပါဝင်တယ် မပါဝင်ဘူးဆိုတာ မသိရပါဘူး။ သင်္ဘောသား၅၀+အရာရှိ၁၀ ပေါင်း ၆၀(သို့မဟုတ်)၅၀ ဦးနဲ့ မောင်းနှင်ရပြီး  ပင်လယ်ပြင်မှာ ၃၀ကနေ ၄၅ရက်ထိ တာဝန် ထမ်းဆောင်နိုင်ပါတယ်။ တစ်နာရီကို ရေမိုင်၂၂မိုင်နုန်း ခုတ်မောင်းနိုင်ပါတယ်။ ရေအနက် ၃၀၀မီတာထိ ငုပ်နိုင်ပါတယ်။ တော်ပီတိုပြွန် ၆ခုပါဝင်ပြီး တော်ပီတို ၁၈လုံးနဲ့ YJ-8 (C-801-2) လို ဒုံးပျံတွေ သယ်ဆောင်နိုင်ပါတယ်။ မိုင်းစစ်ဆင်ရေး အတွက်ဆိုရင် မိုင်း ၃၆လုံးသယ်ဆောင်နိုင်ပါတယ်။ ပြင်သစ်လုပ် ဦးပိုင်းမှာTSM-2233 , ကိုယ်ထည်ဘေးမှာ TSM2255 ဆိုနာများ တပ်ဆင်ထားပါတယ်။  ဒါမှမဟုတ် ပုံစံတူ တရုတ်ထုတ် ဆိုနာ စနစ်များ တပ်ဆင်ထားပါတယ်။ ရှေ့တူရှူမှာ ပစ်မှတ် ၁၂ခုထိ စောင့်ကြည့်နိုင်ပြီး ပတ်ပတ်လည် ၃၀ကီလိုမီတာ အတွင်းက ပစ်မှတ်၎ခုကို စောင့်ကြည့်နေနိုင်ပါတယ်။ SRW209 ကဲ့သို့ ရေဒါများတပ်ဆင်ထားပါတယ်။ မျက်နှာပြင်ရှာဖွေရေးနဲ့ လေကြောင်းကင်းထောက် ရေဒါငယ်တွေကိုလဲ တပ်ဆင်ထားပါတယ်။ ရေဒါသတိပေးစနစ်များနဲ့ အီလက်ထောနစ် စစ်ဆင်ရေး တန်ပြန်စစ်ဆင်ရေး စနစ်များကိုလဲ တပ်ဆင်ထားပါတယ်။ MTU 16V396SE84 ဂျာမနီအင်ဂျင်ကို အသုံးပြုပါတယ်။
 
တော်ပီတိုပြွန်မှ ပစ်ခတ်နိုင်သော YJ-8
သင်္ဘောက ထွက်လာတဲ့ လှိုင်းကို ခြေရာခံလို့ဖြစ်စေ၊ ရေဒါလမ်းညွှန်မှုနဲ့ ဖြစ်စေ အမြန်နုန်း တစ်နာရီရေမိုင် ၄၀ထိရှိပြီး ၁၅ကီလိုမီတာထိ ပစ်ခတ်နိုင်တဲ့ Yu-4 တရုတ်ထုတ် တော်ပီတိုတွေ၊ ရေငုပ်သင်္ဘောချင်းအတွက် ဝိုင်ယာလမ်းညွှန်မှုနဲ့ ပဲ့ထိမ်းပစ်ခတ်နိုင်တဲ့ Yu-6 တော်ပီတိုတွေ သယ်ဆောင်နိုင်ပါတယ်။ Yj-8 လိုဒုံးပျံတွေကိုတော့ ၈၀ကီလိုမီတာထိသာ ပစ်ခတ်နိုင်ပြီး လေကြောင်းနဲ့ အခြားရေဒါအကူအညီနဲ့ ဆိုရင်တော့ ဒုံးပျံစနစ်ကို လိုက်လို့ ၁၂၀မှ ၂၀၀ကီလိုမီတာထိ ပစ်ခတ်နိုင်ပါတယ်။ CY-1 လို ရေငုပ်သင်္ဘောဖျက် ဒုံးပျံတွေကို စမ်းသပ်အောင်မြင်ခဲ့ပေမယ့် တပ်ဆင်ထားခြင်း မရှိပါဘူး။ 


၂၀၀၇ခုနှစ်မှာတော့ ပုံစံ၀၃၉ ထုတ်လုပ်မှု အားလုံးအဆုံးသတ်ကာ ၀၃၉အေ ရဲ့ ထပ်မံမွန်းမံထားတဲ့ ဒီဇိုင်းသစ် ၀၄၁ Yuan အတန်းအစား သင်္ဘောတွေ စတင် တည်ဆောက်ခဲ့ပါတော့တယ်။ ဒါ့ကြောင့် ၂၀၀၆ခုနှစ် တရုတ် ရေငုပ်သင်္ဘောတစ်စင်းရဲ့ အစွမ်းပြမှုဟာ နည်းပညာသစ် ရေငုပ်သင်္ဘော တည်ဆောက်မှုအတွက် ပုံစံ၀၃၉ ရေငုပ်သင်္ဘောက လက်ခမောင်း ထခတ်ပြလိုက်သံပဲလားဆိုတာ စဉ်းစားစရာပဲ ဖြစ်ပါတယ်။ ကျန်းမာချမ်းသာကြပါစေ။

2 comments:

  1. ဗဟုသုတ ရပါတယ်.............

    ReplyDelete
  2. အင်မတန် စိတ်ဝင်စားဖို့ကောင်းပါတယ်

    ReplyDelete